1 ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပတ္ထနာပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။ 2 ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြလော့။ အံ့ဖွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။ 3 သန့်ရှင်းသောနာမတော်၌ ဝါကြွားဝမ်းမြောက်ကြလော့။ ထာဝရဘုရားကိုရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။ 4 ထာဝရဘုရားနှင့် တန်ခိုးတော်ကိုရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။ 5 စီရင်တော်မူသော အံ့ဩဖွယ်တို့ကိုလည်းကောင်း၊ ထူးဆန်းသောအမှုတော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။ 6 ထာဝရဘုရား၏ကျွန် အာဗြဟံအမျိုး၊ ရွေးကောက်တော်မူသော ယာကုပ်အနွယ်တို့၊ 7 ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတစ်ပြင်လုံး၌ တရားစီရင်ပိုင်တော်မူ၏။ 8-12 ငါသည်သင်တို့အမွေခံရာဖို့ ခါနာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက်အားဖြင့်မများ၊ အလွန်နည်း၍ ထိုပြည်၌ ဧည့်သည်ဖြစ်လျက်နေသောအခါ၊ အာဗြဟံ၌ကတိထား၍၊ ဣဇာက်၌ ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှာ၊ လူမျိုးအဆက်တစ်ထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။13 သူတို့သည် တစ်မြို့မှ တစ်မြို့သို့လည်းကောင်း၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့လည်းကောင်း၊ လှည့်လည်၍ သွားကြသောအခါ၊ 14 သူတို့ကိုညှဉ်းဆဲစေခြင်းငှာ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ။ သူတို့အတွက်လည်း ရှင်ဘုရင်တို့ကို ဆုံးမလျက်၊ 15 ငါ့ထံ၌ ဘိသိက်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။
16 တစ်ဖန်တုံ၊ ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကိုခေါ်၍၊ အစာအာဟာရတည်းဟူသော အထောက်အပင့်ရှိသမျှကို ချိုးဖျက်တော်မူသောအခါ၊17 ကျွန်ဖြစ်စေဖို့ အရောင်းခံရသောယောသပ်ကို သူတို့ရှေ့မှာ စေလွှတ်တော်မူ၏။18 သူ့ကိုခြေချင်းခတ်၍ သံနှင့် ညှဉ်းဆဲကြ၏။ 19 သူ၏စကားမပြည့်စုံမီတိုင်အောင်၊ ထာဝရဘုရား၏အမိန့်တော်အတိုင်း စုံစမ်းခြင်းကိုခံရ၏။20 လူတို့ကို အစိုးရသောအရှင်တည်းဟူသော ရှင်ဘုရင်သည်စေလွှတ်၍ သူ့ကိုနုတ်ပြီးမှ ချမ်းသာပေးတော်မူ၏။21 သူသည် မိမိအလိုရှိသည်အတိုင်း မင်းအရာရှိတို့ကိုချည်နှောင်၍၊22 မှူးတော်မတ်တော်တို့ကို ဆုံးမပိုင်သောအခွင့်နှင့် နန်းတော်အုပ်၊ နိုင်ငံတော်အုပ်အရာ၌ ထိုသူကို ခန့်ထားတော်မူ၏။
23 ဣသရေလသည်လည်း အဲဂုတ္တုပြည်သို့ရောက်လာ၍၊ ယာကုပ်သည် ဟာမအမျိုးနေရာပြည်၌ တည်းခို၏။24 ဘုရားသခင်သည် မိမိလူတို့ကိုအလွန်များပြားစေ၍၊ ရန်သူတို့ထက် အားကြီးစေတော်မူ၏။25 မိမိလူတို့ကို ရန်သူတို့သည်မုန်း၍၊ မိမိကျွန်တို့ကိုပရိယာယ်ပြုမည်အကြောင်း၊ ထိုသူတို့ စိတ်နှလုံးကို ပြောင်းလဲစေတော်မူ၏။ 26 တစ်ဖန် မိမိကျွန်မောရှေနှင့် ရွေးကောက်တော်မူသောအာရုန်ကို စေလွှတ်တော်မူ၏။27 အဲဂုတ္တုပြည်သားတို့တွင်၊ လက္ခဏာသက်သေတော်တို့ကိုပြ၍၊ ဟာမအမျိုးနေရာပြည်၌ အံ့ဖွယ်သောအမှုတို့ကိုပြုကြ၏။ 28 မှောင်မိုက်ကိုစေလွှတ်၍၊ မိုက်မဲစေတော်မူ၏။ သူတို့သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရကြ။29 သူတို့ရေများကိုအသွေးဖြစ်စေ၍၊ ငါးများကို သေစေတော်မူ၏။30 သူတို့မြေသည် များစွာသောဖားတို့ကို မင်းအိပ်ရာအခန်းတို့၌ပင် ဖွားလေ၏။31 အမိန့်တော်ရှိ၍ ယင်ရဲနှင့် ခြင်တို့သည် တစ်ပြည်လုံးကို နှံ့ပြားကြ၏။32 မိုးရေအစား မိုးသီးကိုလည်းကောင်း၊ သူတို့မြေပေါ်မှာ မီးလျှံကိုလည်းကောင်း ပေးတော်မူ၏။ 33 သူတို့စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကိုထိခိုက်၍၊ တစ်ပြည်လုံး၌ရှိသော သစ်ပင်များကို ချိုးတော်မူ၏။34 အမိန့်တော်ရှိ၍ မရေတွက်နိုင်အောင်၊ အရာဘကျိုင်းနှင့် ယာလက်ကျိုင်းတို့သည်လာ၍၊ 35 သူတို့ပြည်မှာ ဟင်းသီးဟင်းရွက်ရှိသမျှတို့ကိုလည်းကောင်း၊ မြေဩဇာအသီးအနှံတို့ကိုလည်းကောင်း ကိုက်စားကြ၏။36 သူတို့အစွမ်းသတ္တိ အထွတ်အမြတ်တည်းဟူသော သူတို့ပြည်မှာ သားဦးအပေါင်းတို့ကို ဒဏ်ခတ်တော်မူ၏။
37 မိမိလူတို့ကို ရွှေငွေပါလျက် ထုတ်ဆောင်တော်မူ၍၊ သူတို့အစုစု၌ အားနည်းသောသူ တစ်ယောက်မျှမရှိ။ 38 အဲဂုတ္တုပြည်သည် သူတို့ကိုကြောက်သောကြောင့်၊ သူတို့သည် ထွက်သွားသောအခါ တစ်ပြည်လုံး ဝမ်းမြောက်၏။ 39 သူတို့အပေါ်မှာ မိုးတိမ်ကိုဖြန့်မိုး၍၊ ညအခါလင်းစရာဖို့ မီးကိုပေးတော်မူ၏။40 သူတို့သည် တောင်းသောအခါ ငုံးများကိုဆောင်ခဲ့တော်မူ၍၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲစေတော်မူ၏။41 ကျောက်ကိုလည်း ဖွင့်လှစ်တော်မူသဖြင့်၊ ရေသည်ထွက်၍ သွေ့ခြောက်သောအရပ်၌ မြစ်ကဲ့သို့ စီးသွားလေ၏။42 အကြောင်းမူကား၊ မိမိကျွန်အာဗြဟံ၌ ထားခဲ့ဖူးသော သန့်ရှင်းသော ကတိတော်ကို အောက်မေ့တော်မူ၏။ 43 ရွေးကောက်တော်မူသော မိမိလူတို့ကို ဝမ်းမြောက်ရွှင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ၏။ 44,45 သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်းကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း၊ တစ်ပါးအမျိုးသားတို့၏မြေကို ပေးတော်မူသဖြင့်၊ သူတို့သည် အခြားသောလူတို့၏အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။