Publicidade

Salmos 107

(ဆာ​လံ၊ ၁၀၇-၁၅၀)

ဆင်း​ရဲ​ခြင်း​ထဲ​မှ​ကယ်​တော်​မူ​ခြင်း

1 ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။2,3 ရန်​သူ၏​လက်​မှ ထာ​ဝ​ရ​ဘု​ရား​နုတ်၍ အ​ရှေ့​အ​နောက် တောင်​မြောက်​အ​ရပ်​ရပ်​ထဲ​က စု​သိမ်း​သော သူ​တည်း​ဟူ​သော၊ ရွေး​တော်​မူ​သော​သူ​တို့​သည် ဝန်​ခံ​ကြ​စေ။ 4 သူ​တို့​သည် တော​တွင် လူ​ဆိတ်​ညံ​ရာ​အ​ရပ်၌​လည်၍၊ နေ​စ​ရာ​မြို့​သို့ ရောက်​သော​လမ်း​ကို မ​တွေ့​ကြ။ 5 ဆာ​ငတ်​မွတ်​သိပ်၍ စိတ်​ပျက်​ကြ၏။ 6 ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ဆယ်​နုတ်​တော်​မူ၏။ 7 သူ​တို့​နေ​စ​ရာ​မြို့​သို့ ရောက်​စေ​ခြင်း​ငှာ၊ ဖြောင့်​သော​လမ်း​ဖြင့် ပို့​ဆောင်​တော်​မူ၏။ 8 လူ​သား​တို့၌​ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။ 9 အ​ကြောင်း​မူ​ကား၊ တောင့်​တ​သော​ဝိ​ညာဉ်​ကို ရောင့်​ရဲ​စေ၍၊ မွတ်​သိပ်​သော​ဝိ​ညာဉ်​ကို​လည်း၊ ကောင်း​သော​အ​ရာ​နှင့် ဝ​စေ​တော်​မူ၏။

10,11 ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို ငြင်း​ဆန်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ အ​ကြံ​တော်​ကို မ​ထီ​မဲ့​မြင် ပြု​သော​ကြောင့်၊ မှောင်​မိုက်၊ သေ​မင်း​အ​ရိပ်၌​ထိုင်​လျက်၊ ဒု​က္ခ​နှင့်​လည်း​ကောင်း၊ သံ​ကြိုး​နှင့်​လည်း​ကောင်း ချည်​နှောင်​လျက် နေ​ရ​ကြ၏။ 12 ဘု​ရား​သ​ခင်​သည် အ​မှု​ရောက်​စေ၍၊ သူ​တို့​စိတ်​ကို နှိမ့်​ချ​တော်​မူ၏။ သူ​တို့​သည်​လဲ၍ ထောက်​မ​သော​သူ​မ​ရှိ​ဘဲ၊ 13 ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ကယ်​တင်​တော်​မူ၏။ 14 မှောင်​မိုက်​နှင့် သေ​မင်း​အ​ရိပ်​ထဲ​က ထုတ်​ဆောင်၍ သူ​တို့​ချည်​နှောင်​ခြင်း​ကို ဖြေ​တော်​မူ၏။ 15 လူ​သား​တို့၌ ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​စေ။ 16 အ​ကြောင်း​မူ​ကား၊ ကြေး​ဝါ​တံ​ခါး​တို့​ကို​ချိုး၍၊ သံ​ကန့်​လန့်​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ၏။

17 မိုက်​သော​သ​ဘော​ရှိ​သော သူ​တို့​သည်​လမ်း​လွှဲ၍၊ ဒု​စ​ရိုက်​ကို ပြု​သော​ကြောင့် ဆင်း​ရဲ​ခြင်း​နှင့် တွေ့​ကြုံ​ရ​ကြ၏။ 18 စား​စ​ရာ​မျိုး​ကို​ရွံ၍ သေ​ခြင်း​တံ​ခါး ငါ့​အ​နီး​သို့ ရောက်​ကြ၏။ 19 ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ကယ်​တင်​တော်​မူ၏။ 20 နှုတ်​က​ပတ်​တော်​ကို​လွှတ်​သ​ဖြင့်၊ သူ​တို့​အ​နာ​ကို ငြိမ်း​စေ၍၊ ဖျက်​ဆီး​ခြင်း​အ​ရာ​များ​ထဲ​က နုတ်​ယူ​တော်​မူ၏။ 21 လူ​သား​တို့၌ ပြု​တော်​မူ​သော​က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို​ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။ 22 ကျေး​ဇူး​တော် ဝန်​ခံ​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ ရွှင်​လန်း​သော​အ​သံ​နှင့်​တ​ကွ အ​မှု​တော်​တို့​ကို ကြား​ပြော​ကြ​စေ။

23 သင်္ဘော​စီး​လျက် ပင်​လယ်​ကို​ကူး၍၊ ရေ​များ​ပေါ်​မှာ လုပ်​ဆောင်​သော​သူ​တို့​သည်၊ 24 နက်​နဲ​ရာ​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​တို့​နှင့်၊ အံ့​ဖွယ်​သော အ​မှု​တော်​တို့​ကို မြင်​ရ​ကြ၏။ 25 အ​မိန့်​တော်​ရှိ၍ လေ​ပြင်း​မုန်​တိုင်း​တိုက်​သ​ဖြင့်၊ လှိုင်း​တံ​ပိုး​တို့​ကို ထ​စေ၏။ 26 မိုး​ကောင်း​ကင်​တိုင်​အောင် တက်​လျက်၊ နက်​နဲ​ရာ​ထဲ​သို့​ဆင်း​လျက် တွေ့​သော​ဘေး​ကြောင့်၊ သူ​တို့​သည် စိတ်​ပျက်​ကြ၏။ 27 တ​လည်​လည်​သွား​လျက် ယစ်​မူး​သော​သူ​ကဲ့​သို့ တိမ်း​ယိမ်း​လျက်​နေ၍ ဉာဏ်​တိမ်​မြုပ်​ခြင်း ရှိ​ကြ၏။ 28 ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ထုတ်​ဆောင်​တော်​မူ၏။ 29 လေ​ပြင်း​ကို​ပျောက်​စေ​တော်​မူ၍၊ လှိုင်း​တံ​ပိုး​များ​လည်း ငြိမ်​ဝပ်​ကြ၏။ 30 ထို​သို့​ငြိမ်​ဝပ်​သော​ကြောင့် သူ​တို့​သည် ဝမ်း​မြောက်​ကြ၏။ အ​လို​ရှိ​ရာ​သင်္ဘော​ဆိပ်​သို့ ပို့​ဆောင်​တော်​မူ၏။ 31 လူ​သား​တို့၌ ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။ 32 လူ​ပ​ရိ​သတ်၏​အ​လယ်​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မြှောက်၍ အ​သက်​ကြီး​သူ​တို့၏ အ​စည်း​အ​ဝေး၌ ချီး​မွမ်း​ကြ​စေ။

33 မြစ်​တို့​ကို လွင်​ပြင်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စမ်း​ရေ​ထွက်​ရာ​အ​ရပ်​ကို​လည်း သွေ့​ခြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ၏။ 34 မြေ​ကောင်း​သော​ပြည်​ကို ပြည်​သူ​ပြည်​သား​တို့၏​အ​ပြစ်​ကြောင့် ဆား​မြေ​ဖြစ်​စေ​တော်​မူ၏။ 35 တစ်​ဖန် လွင်​ပြင်​ကို ရေ​နှင့်​ပြည့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သွေ့​ခြောက်​သော​အ​ရပ်​ကို​လည်း စမ်း​ရေ​ထွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ၏။ 36 ထို​အ​ရပ်၌​လည်း၊ ငတ်​မွတ်​သော​သူ​တို့​ကို နေ​ရာ​ချ​တော်​မူ၍၊ သူ​တို့​သည် မိ​မိ​နေ​စ​ရာ​ဖို့ မြို့​ကို​တည်​ကြ၏။ 37 လယ်​လုပ်​လျက်၊ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း စိုက်​ပျိုး​လျက်၊ မြေ​အ​သီး​အ​နှံ​တို့​ကို ပြု​စု​ကြ၏။ 38 ကောင်း​ချီး​ပေး​တော်​မူ၍၊ သူ​တို့​သည် အ​လွန်​ပွား​များ​ကြ၏။ သူ​တို့​သိုး​နွား​များ​ကို​လည်း လျော့​စေ​တော်​မ​မူ။ 39 တစ်​ဖန် သူ​တို့​သည်​လျော့၍ ညှဉ်း​ဆဲ​ခြင်း၊ ငြို​ငြင်​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​အား​ဖြင့် နှိမ့်​ချ​လျက်​နေ​ရ​ကြ၏။ 40 မင်း​သား​တို့​ကို အ​ရှက်​ခွဲ၍၊ လမ်း​မ​ရှိ​သော တော​အ​ရပ်၌​လည်​စေ​တော်​မူ၏။ 41 ဆင်း​ရဲ​သော​သူ​ကို​လည်း ဒု​က္ခ​မှ​ထ​မြောက်​စေ၍၊ သိုး​စု​ကဲ့​သို့ အိမ်​ထောင်​ပွား​များ​စေ​တော်​မူ၏။ 42 ဖြောင့်​မတ်​သော​သူ​တို့​သည်​မြင်၍၊ ဝမ်း​မြောက်​ကြ၏။ ခပ်​သိမ်း​သော​ဒု​စ​ရိုက်​သည်​လည်း မိ​မိ​နှုတ်​ကို ပိတ်​ရ၏။ 43 အ​ကြင်​သူ​သည် ပ​ညာ​ရှိ၏၊ ထို​သူ​သည် ဤ​အ​မှု​အ​ရာ​တို့​ကို​ဆင်​ခြင်၍၊ ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​ကျေး​ဇူး​တော်​ကို နား​လည်​လိမ့်​မည်။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-18_09-43-29-