1 သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလသိုးထိန်းကြီး၊ နားထောင်တော်မူပါ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူသောဘုရား၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။2 ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုး၊ မနာရှေအမျိုးတို့ရှေ့မှာ တန်ခိုးတော်ကိုနှိုးဆော်၍၊ အကျွန်ုပ်တို့ကို ကယ်တင်ခြင်းငှာ ကြွတော်မူပါ။ 3 အို ဘုရားသခင်၊ အကျွန်ုပ်တို့ကိုပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
4 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ပြုသော ပတ္ထနာစကားကို အဘယ်မျှကာလပတ်လုံး အမျက်ထွက်တော်မူမည်နည်း။ 5 သူတို့ကို မျက်ရည်မုန့်နှင့်ကျွေး၍၊ မျက်ရည်ကိုလည်း ကြွယ်ဝစွာ တိုက်တော်မူ၏။ 6 အနီးအပါး၌နေသောသူတို့သည် အကျွန်ုပ်တို့အတွက် ငြင်းခုံကြပါ၏။ ရန်သူတို့သည်လည်း ဝါကြွား၍ အကျွန်ုပ်တို့ကို ပြက်ရယ်ပြုကြပါ၏။ 7 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
8 ကိုယ်တော်သည် စပျစ်နွယ်ပင်ကို အဲဂုတ္တုပြည်ကဆောင်ခဲ့၍၊ တစ်ပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးမှ စိုက်ပျိုးတော်မူ၏။ 9 သူ၏နေရာကိုပြုပြင်တော်မူသဖြင့်၊ သူသည် အမြစ်ကျ၍ တစ်ပြည်လုံးကို နှံ့ပြားပါ၏။ 10 သူ၏အရိပ်သည်တောင်တို့ကိုလည်းကောင်း၊ အခက်အလက်တို့သည် အမြင့်ဆုံးသော အာရဇ်ပင်တို့ကိုလည်းကောင်း လွှမ်းမိုးကြပါ၏။ 11 သူသည် အခက်အလက်တို့ကို ပင်လယ်တိုင်အောင်လည်းကောင်း၊ အညွန့်တို့ကို မြစ်ကြီးတိုင်အောင်လည်းကောင်း ပြန့်ပွားစေပါ၏။
12 ယခုမူကား၊ လမ်း၌ လျှောက်သွားသောသူအပေါင်းတို့သည် ဆွတ်စေခြင်းငှာ၊ သူ၏ခြံကို အဘယ်ကြောင့် ချိုးဖျက်တော်မူသနည်း။ 13 တောဝက်သည် ထိုအပင်ကိုကိုက်ခဲ၍၊ တောသားရဲသည်လည်း စားပါ၏။ 14 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ တစ်ဖန် ကြွလာတော်မူမည်အကြောင်း တောင်းပန်ပါ၏။ ကောင်းကင်ကကြည့်ရှုတော်မူပါ။ ထိုစပျစ်နွယ်ပင်ကို အကြည့်အရှု ကြွလာတော်မူပါ။ 15 လက်ယာလက်တော်နှင့် စိုက်ပျိုးသောအပင်၊ ကိုယ်တော်အဖို့ ခိုင်မာစေတော်မူသော ပျိုးပင်ကို ကွယ်ကာတော်မူပါ။ 16 မီးရှို့ပါပြီ။ ခုတ်လှဲပါပြီ။ မျက်နှာတော်ဖြင့် ဆုံးမခြင်းကို ခံရသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။ 17 လက်ယာလက်တော်နှင့် ဆိုင်သောလူ၊ ကိုယ်တော်အဖို့ ခိုင်မာစေတော်မူသော လူသား၏အပေါ်မှာ လက်တော်ကိုတင်ပါစေသော။ 18 သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ မဆုတ်ရကြပါ။ အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။ နာမတော်ကို ပတ္ထနာပြုကြပါမည်။ 19 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။