1 အိုဘုရားသခင်၊ အကျွန်ုပ်နှလုံးသည် တည်ကြည်ပါ၏။ သီချင်းဆိုပါမည်။ ဝိညာဉ်ပါလျက် ချီးမွမ်းထောမနာပြုပါမည်။ 2 တယောနှင့် စောင်းတို့၊ နိုးကြလော့။ ငါလည်း စောစောနိုးမည်။ 3 အို ထာဝရဘုရား၊ ပရိသတ်အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်။ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာသီချင်း ဆိုပါမည်။ 4 အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်းကင်သို့လည်းကောင်း၊ သစ္စာတော်သည် မိုးတိမ်သို့လည်းကောင်း မီပါ၏။ 5 အို ဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတစ်ပြင်လုံးကို ဘုန်းတော် လွှမ်းမိုးပါစေသတည်း။ 6 ချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်း၊ အကျွန်ုပ်စကားကို နားထောင်၍၊ လက်ယာလက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ။
7 သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍၊ ဘုရားသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက်မည်။ ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ်လယ်ပြင်ကိုတိုင်းထွာမည်။ 8 ဂိလဒ်ပြည်ကို ငါပိုင်ရ၏။ မနာရှေပြည်ကိုလည်း ငါပိုင်ရ၏။ ဧဖရိမ်ပြည်ကား ငါ့ဦးခေါင်း၏အစွမ်းဖြစ်ရ၏။ ယုဒပြည်ကား ငါ၏လွှတ်တော်ဖြစ်ရ၏။ 9 မောဘပြည်ကား ငါ့ရေချိုးအိုး ဖြစ်ရ၏။ ဧဒုံပြည်ကား ငါ့ခြေနင်းရာ ဖြစ်ရ၏။ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်။ 10 အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူသွင်းပေးမည်နည်း။ ဧဒုံပြည်သို့ ငါ့ကို အဘယ်သူလမ်းပြမည်နည်း။ 11 အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။ 12 ဒုက္ခနှင့်ကင်းလွတ်စေခြင်းငှာ မစတော်မူပါ။ လူတို့သည် ကယ်တင်ခြင်းငှာ မတတ်နိုင်ကြပါ။ 13 ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာပြုကြမည်။ ငါတို့၏ရန်သူများကို ကိုယ်တော်တိုင်နင်းတော်မူမည်။