1 အကျွန်ုပ်ကို ဖြောင့်မတ်စေတော်မူသောဘုရား၊ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အကျွန်ုပ်သည် ဆင်းရဲစဉ်တွင် ကိုယ်တော်သည် ချမ်းသာပေးတော်မူပါပြီ။ ယခုလည်းသနား၍ အကျွန်ုပ်၏ပတ္ထနာစကားကို နားထောင်တော်မူပါ။
2 အချင်းလူသားတို့၊ အဘယ်မျှကာလပတ်လုံး ငါ၏ဘုန်းကို ရှုတ်ချကြမည်နည်း။ အဘယ်မျှကာလပတ်လုံး အနတ္တကို နှစ်သက်၍ မုသားကို လိုက်ရှာကြမည်နည်း။ 3 ထာဝရဘုရားသည် မိမိသန့်ရှင်းသူကို ရွေးထားတော်မူသည်ကို သိမှတ်ကြလော့။ ငါခေါ်၍ လျှောက်သောအခါ၊ ထာဝရဘုရားသည် နားထောင်တော်မူလိမ့်မည်။ 4 ကြောက်ရွံ့တုန်လှုပ်၍ ဒုစရိုက်အပြစ်ကို ရှောင်ကြလော့။ အိပ်ရာပေါ်မှာ ကိုယ်စိတ်နှလုံးနှင့် ဆွေးနွေးစဉ်းစား၍ တိတ်ဆိတ်ခြင်းရှိကြလော့။5 တရားသဖြင့်ယဇ်ပူဇော်၍ ထာဝရဘုရားကို ကိုးစားကြလော့။
6 ကောင်းမွန်သောအရာကို ငါတို့အား အဘယ်သူပြမည်နည်းဟု မေးတတ်သော သူအများရှိပါသည်ဖြစ်၍၊ အိုထာဝရဘုရား၊ မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ်မှာ ပေါ်ထွန်းစေတော်မူပါ။ 7 သူတို့၌ ဆန်စပါး၊ စပျစ်ရည်ပေါများ၍၊ သူတို့ဝမ်းမြောက်ခြင်းရှိသည်ထက် အကျွန်ုပ်ကိုသာ၍ ဝမ်းမြောက်စေတော်မူ၏။ 8 ငြိမ်ဝပ်စွာအိပ်၍ ပျော်ပါမည်။ အကြောင်းမူကား၊ အကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ်တော်အရှင် ထာဝရဘုရားသာလျှင် အခွင့်ပေးတော်မူ၏။