1 အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား။ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ 2 ကိုယ်တော်သည် အကျွန်ုပ်၏သခင် ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ။ ကျေးဇူးတော်မှတစ်ပါး အခြားသောမင်္ဂလာသည် အကျွန်ုပ်၌ မရှိပါ။ 3 ပြည်တော်၌နေသောသန့်ရှင်းသူနှင့် ထူးဆန်းသောသူတို့ကိုသာ နှစ်သက်ပါ၏။ 4 အခြားသောလမ်းသို့ လိုက်ပြေးသောသူတို့သည် များစွာသောဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ ငါသည် သူတို့သွန်းလောင်းရာ ပူဇော်သကာအသွေးကို မလှူမဆက်လို။ သူတို့ဘုရား၏နာမကို မမြွက်လို။ 5 ထာဝရဘုရားသည် ငါအမွေခံရာအဖို့၊ ငါစားသောက်ရာအဖို့ ဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏။ 6 ငါပိုင်ထိုက်သော နယ်နိမိတ်သည် သာယာသောအရပ်တွင်ကျ၍၊ ကောင်းမွန်သော အမွေကို ငါခံရပြီ။
7 ငါ့ကိုပြုစုတော်မူသော ထာဝရဘုရားကို ကောင်းချီးပေးမည်။ ညအချိန်၌ပင် ငါ့နှလုံးသည် ငါ့ကိုနှိုးဆော်တတ်၏။ 8 ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား၊ ငါလက်ယာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည်လှုပ်ရှားခြင်းမရှိရ။ ထိုကြောင့် ငါ့စိတ်နှလုံးသည်သာယာခြင်း၊ 9 ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတစ်ပါး၊ ငါ့အသားသည် မျှော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။ 10 အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကိုရှိစေတော်မမူဘဲလျက်၊11 အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်။ အထံတော်၌ စုံလင်သောဝမ်းမြောက်ခြင်းအခွင့်နှင့် လက်ယာတော်နားမှာ အစဉ်အမြဲပျော်မွေ့ခြင်းအခွင့်ရှိပါ၏။