1 အမြင့်ဆုံးသောဘုရား၏ ကွယ်ကာရာဌာနတော်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကိုခိုရလိမ့်မည်။ 2 ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြောဆို၏။
3 အကယ်စင်စစ် မုဆိုး၏ကျော့ကွင်းနှင့်လည်းကောင်း၊ သေတတ်သော အနာနှင့်လည်းကောင်း၊ သင့်ကို ကင်းလွတ်စေတော်မူမည်။ 4 အတောင်တော်အမွေးနှင့် ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည်လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော်သည် သင်၏ဒိုင်းလွှားဖြစ်လိမ့်မည်။ 5 ညအခါဖြစ်တတ်သော ဘေးကိုလည်းကောင်း၊ နေ့အချိန်၌ ပစ်သောမြားကိုလည်းကောင်း၊ 6 မှောင်မိုက်ထဲမှာ လည်တတ်သော ကာလနာကိုလည်းကောင်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကိုလည်းကောင်း၊ သင်သည်မကြောက်ရ။ 7 သင်၏အနားမှာ လူတစ်ထောင်၊ သင်၏လက်ယာဘက်မှာ လူတစ်သောင်းလဲသော်လည်း၊ သင့်ကို မထိမခိုက်ရ။ 8 သင်သည် ကိုယ်မျက်စိနှင့်ကြည့်၍၊ မတရားသောသူတို့၌ ရောက်ရသောအပြစ်ကို မြင်ရုံမျှသာရှိလိမ့်မည်။ 9 ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသောဘုရား၌ နေရာကျသောကြောင့်၊ 10 သင်၌ မကောင်းသောအနိဌာရုံ မကပ်မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။ 11 သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေခြင်းငှာ၊ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသည်ဖြစ်၍၊12 သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။13 သင်သည် ခြင်္သေ့နှင့် မြွေဆိုးအပေါ်မှာကျော်သွား၍၊ ခြင်္သေ့ပျိုနှင့် နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည်။
14 သူသည် ငါ့ကိုချစ်သောကြောင့်၊ သူ့ကို ငါကယ်နုတ်မည်။ ငါ၏နာမကိုသိသောကြောင့်၊ သူ့ကို ငါချီးမြှောက်မည်။ 15 သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခခံရသောအခါ သူ့ဘက်မှာငါနေ၍ ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။ 16 ရှည်သောအသက်နှင့် သူ့ကိုရောင့်ရဲစေ၍၊ ငါ၏ကယ်တင်ခြင်းကျေးဇူးကို သူ့အားပြမည်။