ဘုရားသခင်၏လက်ရာတော်
1 မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍၊ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကို ပြသ၏။ 2 တစ်နေ့ကိုတစ်နေ့ မြွက်ဆို၍၊ တစ်ညကိုတစ်ည သွန်သင်၏။ 3 နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သူတို့ နှုတ်ထွက်သံကိုမကြားရသော်လည်း၊ 4 သူတို့၏အသံသည် မြေတစ်ပြင်လုံး၌နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေ၏။ရော၊ ၁၀:၁၈။5 မိုးကောင်းကင်တွင် နေဗိမာန်ကိုထားတော်မူသဖြင့်၊ နေသည်အိပ်ခန်းထဲကထွက်လာသော မင်္ဂလာဆောင်လုလင်ကဲ့သို့ ဖြစ်၍၊ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာလမ်းသို့လိုက်ပြေးမည်ဟု ဝမ်းမြောက်လျက်၊ 6 မိုးကောင်းကင် တစ်စွန်းမှထွက်လာ၍၊ တစ်စွန်းတိုင်အောင် လှည့်ပတ်သောအားဖြင့်၊ သူ၏အပူအရှိန်မှ ကွယ်လွတ်သောအရာ တစ်စုံတစ်ခုမျှမရှိ။
ဘုရားသခင်၏တရားတော်
7 ထာဝရဘုရား၏တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။ 8 ထာဝရဘုရား၏နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍၊ မျက်စိကိုရှင်းလင်းစေတတ်၏။