7 အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှာ၊ ဟုဿုပ်ပင်ညွန့်နှင့် သန့်ရှင်းခြင်းမင်္ဂလာကို ပေးတော်မူပါ။ အကျွန်ုပ်ကို မိုးပွင့်ထက်သာ၍ ဖြူစေခြင်းငှာ ဆေးကြောတော်မူပါ။ 8 စိတ်သက်သာဝမ်းမြောက်ခြင်းရှိမည်အကြောင်းစကားကို အကျွန်ုပ်အား ကြားစေတော်မူပါ။ သို့ပြုလျှင်၊ ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်းရှိကြပါလိမ့်မည်။ 9 အကျွန်ုပ်လွန်ကျူးခြင်း ဒုစရိုက်တို့မှ မျက်နှာတော်ကိုလွှဲ၍၊ အကျွန်ုပ်အပြစ်ရှိသမျှတို့ကိုလည်း ဖြေတော်မူပါ။ 10 အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင်တော်မူပါ။ 11 အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်။ 12 ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာစိတ်သဘောသည် အကျွန်ုပ်ကိုထောက်မပါစေသော။