1 לַמְנַצֵּ֬חַ לִבְנֵי־קֹ֬רַח מַשְׂכִּֽיל׃ 2 אֱלֹהִ֤ים ׀ בְּאָזְנֵ֬ינוּ שָׁמַ֗עְנוּ אֲבוֹתֵ֥ינוּ סִפְּרוּ־לָ֑נוּ פֹּ֥עַל פָּעַ֥לְתָּ בִֽ֝ימֵיהֶ֗ם בִּ֣ימֵי קֶֽדֶם׃ 3 אַתָּ֤ה ׀ יָדְךָ֡ גּוֹיִ֣ם ה֭וֹרַשְׁתָּ וַתִּטָּעֵ֑ם תָּרַ֥ע לְ֝אֻמִּ֗ים וַֽתְּשַׁלְּחֵֽם׃ 4 כִּ֤י לֹ֪א בְחַרְבָּ֡ם יָ֥רְשׁוּ אָ֗רֶץ וּזְרוֹעָם֮ לֹא־הוֹשִׁ֪יעָ֫ה לָּ֥מוֹ כִּֽי־יְמִֽינְךָ֣ וּ֭זְרוֹעֲךָ וְא֥וֹר פָּנֶ֗יךָ כִּ֣י רְצִיתָֽם׃ 5 אַתָּה־ה֣וּא מַלְכִּ֣י אֱלֹהִ֑ים צַ֝וֵּ֗ה יְשׁוּע֥וֹת יַעֲקֹֽב׃ 6 בְּ֭ךָ צָרֵ֣ינוּ נְנַגֵּ֑חַ בְּ֝שִׁמְךָ֗ נָב֥וּס קָמֵֽינוּ׃ 7 כִּ֤י לֹ֣א בְקַשְׁתִּ֣י אֶבְטָ֑ח וְ֝חַרְבִּ֗י לֹ֣א תוֹשִׁיעֵֽנִי׃ 8 כִּ֣י ה֭וֹשַׁעְתָּנוּ מִצָּרֵ֑ינוּ וּמְשַׂנְאֵ֥ינוּ הֱבִישֽׁוֹתָ׃ 9 בֵּֽ֭אלֹהִים הִלַּלְ֣נוּ כָל־הַיּ֑וֹם וְשִׁמְךָ֓ ׀ לְעוֹלָ֖ם נוֹדֶ֣ה סֶֽלָה׃ 10 אַף־זָ֭נַחְתָּ וַתַּכְלִימֵ֑נוּ וְלֹא־תֵ֝צֵ֗א בְּצִבְאוֹתֵֽינוּ׃ 11 תְּשִׁיבֵ֣נוּ אָ֭חוֹר מִנִּי־צָ֑ר וּ֝מְשַׂנְאֵ֗ינוּ שָׁ֣סוּ לָֽמוֹ׃ 12 תִּ֭תְּנֵנוּ כְּצֹ֣אן מַאֲכָ֑ל וּ֝בַגּוֹיִ֗ם זֵרִיתָֽנוּ׃ 13 תִּמְכֹּֽר־עַמְּךָ֥ בְלֹא־ה֑וֹן וְלֹ֥א־רִ֝בִּ֗יתָ בִּמְחִירֵיהֶֽם׃ 14 תְּשִׂימֵ֣נוּ חֶ֭רְפָּה לִשְׁכֵנֵ֑ינוּ לַ֥עַג וָ֝קֶ֗לֶס לִסְבִיבוֹתֵֽינוּ׃ 15 תְּשִׂימֵ֣נוּ מָ֭שָׁל בַּגּוֹיִ֑ם מְנֽוֹד־רֹ֝֗אשׁ בַּל־אֻמִּֽים׃ 16 כָּל־הַ֭יּוֹם כְּלִמָּתִ֣י נֶגְדִּ֑י וּבֹ֖שֶׁת פָּנַ֣י כִּסָּֽתְנִי׃ 17 מִ֭קּוֹל מְחָרֵ֣ף וּמְגַדֵּ֑ף מִפְּנֵ֥י א֝וֹיֵ֗ב וּמִתְנַקֵּֽם׃ 18 כָּל־זֹ֣את בָּ֭אַתְנוּ וְלֹ֣א שְׁכַחֲנ֑וּךָ וְלֹֽא־שִׁ֝קַּ֗רְנוּ בִּבְרִיתֶֽךָ׃ 19 לֹא־נָס֣וֹג אָח֣וֹר לִבֵּ֑נוּ וַתֵּ֥ט אֲשֻׁרֵ֗ינוּ מִנִּ֥י אָרְחֶֽךָ׃ 20 כִּ֣י דִ֭כִּיתָנוּ בִּמְק֣וֹם תַּנִּ֑ים וַתְּכַ֖ס עָלֵ֣ינוּ בְצַלְמָֽוֶת׃ 21 אִם־שָׁ֭כַחְנוּ שֵׁ֣ם אֱלֹהֵ֑ינוּ וַנִּפְרֹ֥שׂ כַּ֝פֵּ֗ינוּ לְאֵ֣ל זָֽר׃ 22 הֲלֹ֣א אֱ֭לֹהִים יַֽחֲקָר־זֹ֑את כִּֽי־ה֥וּא יֹ֝דֵ֗עַ תַּעֲלֻמ֥וֹת לֵֽב׃ 23 כִּֽי־עָ֭לֶיךָ הֹרַ֣גְנוּ כָל־הַיּ֑וֹם נֶ֝חְשַׁ֗בְנוּ כְּצֹ֣אן טִבְחָֽה׃ 24 ע֤וּרָה ׀ לָ֖מָּה תִישַׁ֥ן ׀ אֲדֹנָ֑י הָ֝קִ֗יצָה אַל־תִּזְנַ֥ח לָנֶֽצַח׃ 25 לָֽמָּה־פָנֶ֥יךָ תַסְתִּ֑יר תִּשְׁכַּ֖ח עָנְיֵ֣נוּ וְֽלַחֲצֵֽנוּ׃ 26 כִּ֤י שָׁ֣חָה לֶעָפָ֣ר נַפְשֵׁ֑נוּ דָּבְקָ֖ה לָאָ֣רֶץ בִּטְנֵֽנוּ׃ 27 ק֭וּמָֽה עֶזְרָ֣תָה לָּ֑נוּ וּ֝פְדֵ֗נוּ לְמַ֣עַן חַסְדֶּֽךָ׃
ကွယ်ကာစောင့်ရှောက်ရန်ဆုတောင်း
1 အိုဘုရားသခင်၊ ရှေးလွန်လေပြီးသောကာလတွင်၊ ဘိုးဘေးတို့လက်ထက်၌ ပြုတော်မူသောအမှုကို သူတို့ပြော၍၊ အကျွန်ုပ်တို့သည် ကိုယ်တိုင်ကြားရကြပါပြီ။ 2 တစ်ပါးအမျိုးသားတို့ကို လက်တော်ဖြင့်နှင်ထုတ်၍ အကျွန်ုပ်တို့၏ဘိုးဘေးများကို နေရာချတော်မူ၏။ တစ်ပါးအမျိုးသားတို့ကို နှိပ်စက်၍ ဘိုးဘေးများကို ပြန့်ပွားစေတော်မူ၏။ 3 သူတို့သည် ကိုယ်ဓားဖြင့် ထိုမြေကိုအစိုးရကြသည် မဟုတ်ပါ။ ကိုယ်လက်ဖြင့် ကိုယ်ကို ကယ်တင်ကြသည် မဟုတ်ပါ။ ကိုယ်တော်အလိုရှိသောကြောင့် လက်ယာလက်ရုံးတော်နှင့် မျက်နှာတော်အလင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ၏။ 4 အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင် ဖြစ်တော်မူ၏။ ယာကုပ်အမျိုး၏ ကယ်တင်ခြင်းအကြောင်းကို စီရင်တော်မူပါ။ 5 ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့သည် ရန်သူများကို တွန်းချကြပါစေသော။ ရန်ဘက်ပြုသောသူတို့ကို နာမတော်အားဖြင့် နင်းရသောအခွင့် ရှိကြပါစေသော။ 6 ကိုယ်၌ပါသောလေးကို အကျွန်ုပ်သည် မကိုးစား။ ကိုယ်ဓားသည် အကျွန်ုပ်ကို မကယ်ရပါ။ 7 ကိုယ်တော်သာလျှင် အကျွန်ုပ်တို့ကို ရန်သူလက်မှ ကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တို့အား မုန်းသော သူများကိုလည်း အရှက်ကွဲစေတော်မူ၏။ 8 အကျွန်ုပ်တို့သည် မခြားမလပ် ဘုရားသခင်၌ဝါကြွား၍ နာမတော်ကို အစဉ်အမြဲ ချီးမွမ်းကြပါ၏။
9 သို့သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရှက်ကွဲစေတော်မူပြီ။ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူပါ။ 10 အကျွန်ုပ်တို့ကို ရန်သူရှေ့မှာ ပြန်ပြေးစေတော်မူ၍၊ မုန်းသောသူတို့သည် အလိုလိုလုယူရကြ၏။ 11 ဟင်းလျာဖြစ်သောသိုးများကဲ့သို့ အကျွန်ုပ်တို့ကို အပ်လိုက်၍၊ တစ်ပါးအမျိုးသားတို့တွင် အရပ်ရပ် ကွဲပြားစေတော်မူ၏။ 12 ကိုယ်တော်၏လူများကို အဖိုးမခံဘဲရောင်း၍၊ ရောင်းသောအားဖြင့် စီးပွားတော်ကို တိုးပွားစေတော်မူသည် မဟုတ်။ 13 အကျွန်ုပ်တို့ကို အိမ်နီးချင်းများကဲ့ရဲ့ရာ ပတ်ဝန်းကျင်၌နေသောသူများ ပြက်ရယ်ပြု၍၊ အရှက်ခွဲရာဖြစ်စေခြင်းငှာ စီရင်တော်မူ၏။ 14 တစ်ပါးအမျိုးသားတို့သည် အကျွန်ုပ်တို့ကိုပုံခိုင်းရသောအခွင့်၊ လူစုတို့သည် ခေါင်းညိတ်ရသောအခွင့်ကို ပေးတော်မူ၏။ 15 ကဲ့ရဲ့သောသူနှင့် အသရေဖျက်သောသူ၏စကားကြောင့်လည်းကောင်း၊ 16 ရန်ဘက်ပြုသောသူနှင့် လက်စားချေသောသူ၏ မျက်နှာကြောင့်လည်းကောင်း၊ အကျွန်ုပ်သည် ကိုယ်အရှက်ကွဲခြင်းအကြောင်းကို အစဉ်မျက်မှောက်ပြုရပါ၏။ မျက်နှာရှက်ခြင်းအားဖြင့် မွန်းလျက်နေရပါ၏။
17 ထိုမျှလောက်ခံရသော်လည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မမေ့မလျော့။ သစ္စာတော်ကို မဖျက်ကြပါ။ 18 စိတ်နှလုံးသည် နောက်သို့မဆုတ်၊ တရားတော်လမ်းမှလွှဲ၍ မသွားကြပါ။ 19 ကိုယ်တော်မူကား၊ မြေခွေးနေရာအရပ်မှာ အကျွန်ုပ်တို့ကို ချိုးဖဲ့နှိပ်စက်၍၊ သေခြင်းအရိပ်နှင့် ဖုံးလွှမ်းတော်မူ၏။ 20 အကျွန်ုပ်တို့သည် ကိုယ်ဘုရားသခင်၏နာမတော်ကို မေ့လျော့၍၊ တစ်ပါးအမျိုး၏ဘုရားထံသို့ လက်ကိုဆန့်သည်မှန်လျှင်၊ 21 နှလုံး၌ဝှက်ထားသောအရာများကို ဘုရားသခင်သိတော်မူသည်ဖြစ်၍၊ ထိုအမှုကို မစစ်ဘဲနေတော်မူမည်လော။ 22 အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ် အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဖို့ရာထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတစ်ပါး မှတ်တတ်ကြပါ၏။ရော၊ ၈:၃၆။
23 အိုဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်တော်မူသနည်း။ ထတော်မူပါ။ အကျွန်ုပ်တို့ကို အစဉ်စွန့်ပစ်တော်မမူပါနှင့်။ 24 အကျွန်ုပ်တို့ ခံရသောနှိမ့်ချခြင်းနှင့် ညှဉ်းဆဲခြင်းကို မျက်နှာတော်လွှဲ၍ အဘယ်ကြောင့် မေ့လျော့တော်မူသနည်း။ 25 အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မြေတိုင်အောင် နှိမ့်ချခြင်းကိုခံရ၍၊ ရင်ပတ်လည်း မြေ၌ကပ်လျက်ရှိပါ၏။ 26 အကျွန်ုပ်တို့ကို မစသောဘုရား၊ ထတော်မူပါ။ ကရုဏာတော်နှင့်အညီ ရွေးနုတ်တော်မူပါ။